ဘာလို့ နှာခေါင်းသွေးလျှံတာလဲ၊ ဘာလုပ်သင့်လဲ
နှာခေါင်းသွေးလျှံတဲ့အခါ ဘယ်သူမဆို ထိတ်လန့်သွားကြတယ် မဟုတ်လား။ သွေးမြင်ရင် မူးတတ်၊ ကြောက်တတ်တဲ့သူဆို ပိုဆိုးတယ်နော်။
တကယ်တော့ နှာခေါင်းသွေးလျှံတိုင်း စိုးရိမ်စရာတော့ မဟုတ်ပါဘူး။ တချို့သော နှာခေါင်းသွေးလျှံခြင်းတွေဟာ အိမ်မှာပဲ ကုသလို့ ရပါတယ်။
နှာခေါင်းသွေးလျှံတာကို ဆေးပညာမှာ Epistasis လို့ခေါ်ပြီး စက္ကန့်အနည်းငယ်ကနေ ၁၅ မိနစ်ခန့်ကြာတဲ့အထိ နှာခေါင်းသွေးလျှံနိုင်ပါတယ် (ဒီထက်လည်း ပိုကြာနိုင်ပါတယ်)။
ဘာကြောင့် နှာခေါင်းသွေးလျှံရတာလဲ?
အများအားဖြင့်တော့…
- နှာခေါင်းကို လက်နဲ့နှိုက်ပြီး နှပ်ချီးခြောက်ခွာတာ (သွေးကြောသေးသေးလေးတွေကို ထိခိုက်မိလို့)
- နှာခေါင်းကို အသေးစား ထိခိုက်မိတာ
- ရာသီဥတုအပြောင်းအလဲကြောင့် နှာခေါင်းအတွင်းမှာ ခြောက်သွေ့နေတာတွေကြောင့် နှာခေါင်းသွေးလျှံတတ်ပြီး စိုးရိမ်ဖို့ မလိုပါဘူး။
- ဦးခေါင်းဒဏ်ရာရတာ
- သွေးမတိတ်တဲ့ရောဂါ (Haemophilia) ရှိတာ
- သွေးကျဲဆေးတွေ (Aspirin, Clopilet, Wafarin) သောက်နေရတာ
- သွေးတိုးသမားတွေမှာ သွေးပေါင်တက်နေတာတွေကြောင့် နှာခေါင်းသွေးလျှံရင်တော့ အချိန်လည်း ပိုကြာနိုင်သလို စမ်းသပ်စစ်ဆေးမှုတွေလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။
ကလေးငယ်တွေ၊ အသက်အရွယ်ကြီးတဲ့သူတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ သွေးရောဂါရှိသူ၊ သွေးကျဲဆေးသောက်နေရသူတွေမှာ နှာခေါင်းသွေးလျှံခြင်း အဖြစ်များပါတယ်။
ဘာလုပ်ရမလဲ?
နှာခေါင်းသွေးလျှံတဲ့အခါ…
- မတ်မတ်ထိုင်ပါ၊ ထိုင်နေတာက လှဲနေတာထက် နှာခေါင်းထဲက သွေးကြောတွေမှာ သွေးဖိအားနည်းစေပြီး သွေးတိတ်စေပါတယ်။
- နှာခေါင်းရဲ့အောက်ပိုင်း နှာခေါင်းပေါက်ဝနားကနေ လက်နဲ့ညှစ်ထားပါ။
- ရှေ့ကို နည်းနည်းကုန်းပြီး ပါးစပ်ကနေ အသက်ရှူသွင်းရှူထုတ်လုပ်ပါ။
- ရေခဲ သို့မဟုတ် အေးခဲထားတဲ့ အသီးအရွက်တွေကို တဘက်နဲ့ပတ်ပြီး နှာခေါင်းရိုးပေါ် တင်ထားပေးပါ။
ဒါ့အပြင်
- မိနစ် ၂၀ ထက်ကျော်ပြီး သွေးမတိတ်ရင်
- သွေးထွက်များရင်
- အသက်ရှူရခက်လာရင်
- မျိုချမိတဲ့ သွေးတွေများပြီး ပြန်အန်ထွက်ရင်
- သွေးရောဂါရှိတာ၊ သွေးကျဆေးသောက်နေရတာ ဖြစ်ပြီး သွေးထွက်တာက ကြာနေရင်
- ၂ နှစ်အောက် ကလေးဆိုရင်တော့ ဆေးရုံဆေးခန်း သွားသင့်ပါတယ်။
နှာခေါင်းထဲကို Packing ထည့်တာ၊ ဆေးလိမ်းတာ၊ သွေးပေါင်တက်နေရင် သွေးကျဆေးပေးတာ၊ သွေးဖောက်စစ်တာ စသဖြင့် နည်းလမ်းတွေကို အသုံးပြုပြီး လိုအပ်သလို ကုသပေးပါလိမ့်မယ်။
နှာခေါင်းသွေးမလျှံအောင် ကာကွယ်ဖို့အတွက်…
- နှာခေါင်းကို လက်နဲ့မနှိုက်ပါနဲ့၊ လက်သည်းကို တိုတိုညှပ်ထားပါ။
- အိမ်တွင်းလေထုကို အစိုဓာတ်ရအောင် ထားပါ။
- အားကစားလုပ်ရင်၊ ဆိုင်ကယ်စီးရင် အကာအကွယ်ဦးထုပ် ဆောင်းပါ။
နှာခေါင်းသွေးလျှံတဲ့အခါ အကြောင်းရင်းကို သိမှသာ စိုးရိမ်ဖို့လိုမလို ခွဲခြားနိုင်မှာပါ။ အကြောင်းရင်းကို သိဖို့လိုအပ်သလို ဘာလုပ်ရမလဲဆိုတာ သိပါမှ အမြန်ဆုံးသွေးတိတ်အောင် လုပ်နိုင်မှာမို့ စိတ်တည်တည်ငြိမ်ငြိမ်ထားပြီး လုပ်နိုင်ဖို့က အရေးကြီးဆုံးပါပဲ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်